စင်ကာပူအခြေစိုက် United Overseas Bank - UOB ဘဏ်က မြန်မာဘဏ်အချို့ နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ ဘဏ်လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲ မြန်မာစစ်တပ်ဝင်ရောက်ခွင့်မရအောင် ကန့်သတ်လိုက်တယ်လို့ ဂျပန်သတင်းဌာန နစ်ကီအေးရှား ကရေးပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲ မြန်မာဘဏ်တွေကို UOB ဘဏ်က ပေးပို့တဲ့ လုပ်ငန်းတွင်း သီးသန့်အကြောင်းကြားစာမှာ မြန်မာနိုင်ငံကနေ UOB ဘဏ်က တဆင့်ပေးချေတဲ့ နိုင်ငံတကာ ငွေအထုတ် အသွင်းကိစ္စတွေကို ကန့်သတ်မှာဖြစ်ပြီး UOB ဘဏ်ငွေစာရင်းအချင်းချင်း ငွေလွှဲပြောင်းတာကိုပဲ အသုံးပြုခွင့်ပေးတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာဘဏ်တွေနဲ့ လူတစ်ဦးချင်းစီရဲ့ Visa ကတ် နဲ့ Mastercard ကတ်အသုံးပြု ငွေလွှဲတာတွေကိုလည်း ကန့်သတ်မှုအသစ်တွေလုပ်လိုက်ပြီး UOB ငွေစာရင်းချိတ်ဆက်ထားတဲ့ကတ်တွေကို အသုံးပြုခွင့် ပေးတော့မှာဖြစ်ပါတယ်။
ဒါအပြင် မြန်မာဘဏ်တွေက ဟောင်ကောင်မှာရှိတဲ့ UOB ဘဏ်ခွဲမှာဖွင့်ထားတဲ့ နိုင်ငံခြားငွေကြေးဘဏ်စာရင်းတွေကို ပိတ်မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် "nostro" လို့ခေါ်တဲ့ ဘဏ်စာရင်းမျိုးဖြစ်ပြီး ဒါက ကုန်သွယ်ရေးလွယ်ကူအောင် ဘဏ်တွေက ဖွင့်ထားတဲ့အကောင့်တွေဖြစ်ပါတယ်။
UOB ဟာ ခေတ်အဆက်ဆက် မြန်မာစစ်ဗိုလ်ချုပ်တွေ ၊ သူတို့ရဲ့ လုပ်ငန်းစုကြီးတွေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်ပြီးချမ်းသာတဲ့လုပ်ငန်းရှင်တွေသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ အထူးသဖြင့် စင်္ကာပူ - မြန်မာ ကလုပ်ငန်းတွေကြား အသုံးများတဲ့ ဘဏ်ကြီးဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းလေ့လာသုံးသပ်သူအချို့ကတော့ စင်္ကာပူဘဏ်လုပ်ငန်းတစ်ခုရဲ့ အခုလို မကြုံစဖူး လုပ်ရပ်ဟာ မြန်မာစစ်ကောင်စီလက်အောက် ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့ခဲ့မှု နောက်ဆက်တွဲလို့ ရှုမြင်ကြပါတယ်။
မြန်မာစစ်ကောင်စီရဲ့ပြည်ပဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကနေ မြန်မာစစ်ကောင်စီအတွက် ဝင်ငွေရရှိနေတာရပ်တန့်အောင်လုပ်ဖို့ ဖိအားတွေရှိနေချိန် စင်ကာပူဘက်က အခုလိုပြုလုပ်လာတာဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးလုပ်ဆောင်မှုဟာ ဆုံးရှုံးမှုကြီးမားလာနိုင်တယ်ဆိုတာကို ထင်ဟပ်နေသလို ဂုဏ်သိက္ခာကျဆင်းနိုင်တဲ့အန္တရာယ်ရှိနိုင်ခြေကို လည်း ပြသနေပါတယ်။