test3
Viewers 162

Chapter 1

မနက်ခင်းဆီးနှင်းစက်များက မြက်ခင်းများထဲစိမ့်ဝင်သွားကာ ‌သစ်ပင်များအပေါ် နေရောင်ခြည်‌ဖြာကျနေပြီး သစ်ကိုင်းများပေါ်ရှိ စာကလေးငယ်လေးများက  သူတို့၏ အမွေးအတောင်များကိုခါကာ တကျီကျီတကျာကျာ အသံများဖြင့် အော်မြည်နေသည်။

" ကိုကြီး ညီမလေးတို့ကို ဘယ်တော့ထပ်လာတွေ့ဦးမှာလဲ..."

ဝက်ဝံရုပ်ကလေးကိုင်ထားသော ကောင်မလေးက ခေါင်းမော့ပြီး မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။

မေးခွန်းထုတ်ခံရသော လူငယ်လေးမှာ ကလေးများအကြား နာမည်ကြီးသူဖြစ်၍ သူ့ဘေးနားပတ်ပတ်လည်တွင် ကလေးများဝိုင်းနေသည်။ ကုဟွိုက်က ပြုံးပြလိုက်သည်။

" နောက်တစ်ပတ်လာမယ်လေ လက်ဆောင်တွေလည်း ယူခဲ့မယ်..." 

ဤနေရာက Aမြို့ ဆင်ခြေဖုံးမှ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။ ကုဟွိုက်က ဘဏ္ဍာရေးပိုင်းတွင်း ထောက်ပံ့ပေးခဲ့သောကြောင့် ဂေဟာကို ယခုနောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကလည်း နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

ကုဟွိုက် ဤဂေဟာလေးကို ထောက်ပံ့ပေးနေခြင်းမှာ အထူးတလည်အကြောင်းပြချက် မရှိပေ။ သူသည်လည်း တစ်ချိန်က ‌ဤမိဘမဲ့ဂေဟာမှ မွေးစားခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်ခဲ့၍ ယခုအချိန်တွင် ထိုကလေးများကို သူ တတ်နိုင်သမျှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ဤရက်အနည်းငယ်အတွင်းတွင် Aမြို့၏ ရာသီဥတုက တဖြည်းဖြည်း အေးစက်လာပြီး ဆောင်းရာသီဝင်ရောက်တော့မည်ဖြစ်သည်။ ကုဟွိုက်က နောက်တစ်ကြိမ် ဤနေရာသို့လာချိန်တွင် ကလေးများအတွက် ဆောင်းရာသီဝတ်အင်္ကျီများ ယူလာပေးရန် စီစဉ်ထားခဲ့သည်။ ၎င်းက လူကိုယ်တိုင်ကတိပေးထားခဲ့သောလက်ဆောင်လည်း ဖြစ်သည်။

မိဘမဲ့ဂေဟာမှ ကလေးများထံမှ ပြန်လာပြီးသည့်နောက်တွင် ကုဟွိုက်က အိမ်ပြန်သွားပြီးနောက် ကွန်ပျူတာစားပွဲတွင်ထိုင်ကာ ယနေ့အတွက် အလုပ်စတော့သည်။

ကုဟွိုက်သည် နာမည်ကျော် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်သည်။ သူက ငယ်ရွယ်သေးသော်လည်း ဤနယ်ပယ်ထဲတွင် နာမည်တစ်ခု ရရှိထားသည်။ အခန်းထဲမှ ဆုကြီးဆုငယ်များက စားပွဲတစ်လုံးစာကို ပြည့်လုနီးပါးဖြစ်နေပြီး ဆုအားလုံးနီးပါးက ရွှေဆုများဖြစ်သည်။

သို့ရာတွင် အတော်ဆုံး ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်သည်ပင် ရံဖန်ရံခါ၌ အချိန်ဆွဲတတ်ပေသည်။ ကိုဟွိုက်က ၉၀ရာခိုင်နှုန်းခန့်သာပြီးသေးသည့် ဇာတ်ညွှန်းကိုကြည့်ပြီး ခေါင်းကိုက်လာသည်။

အလုပ်ရဲ့ ၉၀ရာခိုင်နှုန်းလောက်က ပြီးနေပြီလေ ဒါဆိုရင် ပြီးဖို့ပိုမလွယ်ဘူးလား... မှန်ပါတယ် ဒါ‌ပေမဲ့ မနက်ဖြန်က ဇာတ်ညွှန်းကိုအပ်ရမယ့်နေ့ဖြစ်နေရင်ရော...

ကုဟွိုက် “…”

သူ့ကို ခေါင်းပြောင်အောင် လုပ်နေတာပဲ..

ကံကောင်းသည်မှာ ဤဇာတ်ညွှန်းက ဆီလျော်အောင် ပြန်ပြင်နေရသော ဇာတ်ညွှန်းမျိုးဖြစ်ကာ အလွန်တရာခက်ခဲလှသည်လည်းဟုတ်ပေ။ ယနေ့ညတစ်ညလုံးမအိပ်ပဲ နေလိုက်ပါက ပြီးနိုင်လောက်သည်ဟု ကုဟွိုက်တွေးလိုက်မိသည်။ ရိုးရိုးသားသားပြောရလျှင် ဤဇာတ်ညွှန်းက သူ နာမည်မကြီးမီက ရေးသားခဲ့သော ကျင်းကျန်းဝတ္ထုတစ်ပုဒ်ကို အမှတ်ရစေခဲ့သည်။ သူက ကန့်သတ်ချိန်နီးလာမှ အားလုံးကို အသည်းအသန်ရေးခဲ့ရခြင်းဖြစ်သည်။

ကီးဘုတ်မှ တတောက်တောက်အသံက အခန်းထဲတွင် ဆက်လက်ထွက်ပေါ်နေသည်။ မနက် ၉နာရီမှစ၍ အလုပ်စလုပ်နေခဲ့သောကုဟွိုက်မှာ ပြတင်းပေါက်အပြင်ဘက်တွင် အမှောင်ထု ကြီးစိုးလာပြီးနောက် ပြန်လင်းလာသည်အထိ အလုပ်များနေခဲ့သည်။

မနက်စောစောအချိန်တွင် စားခဲ့သော မနက်စာမှလွဲပြီး အခြားထမင်းနှစ်နပ်ကို အလုပ်များနေသောကုဟွိုက်က လုံးဝလျစ်လျူရှု့ထားခဲ့မိသည်။

ကုဟွိုက်က အချိန်ဆွဲတတ်သူဖြစ်သော်လည်း အလုပ်ကိုdeadlineကျော်အောင်မလုပ်တတ်ပဲ အချိန်မီ ပြီးစီးအောင် လုပ်တတ်သူဖြစ်သည်။

နာရီ၂၀ဆက်တိုက် အသည်းအသန်အလုပ်လုပ်ခြင်းက ခန္ဓာကိုယ်ကို နွမ်းနယ်စေသည်။ ကုဟွိုက် အလုပ်ပြီးသွားချိန်တွင် ဘေးအိမ်မှ ကြက်တွန်သံကိုပင် ကြားလိုက်ရသည်။

ကုဟွိုက် ဇာတ်ညွှန်းကို ရေးပြီးသည်နှင့် တောင့်တင်းနေသော အကြောများကို လျှော့လိုက်သည်။ သူ စိတ်အေးလက်အေးနေလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင် သူ့ရှေ့မှ အရာအားလုံးက ရုတ်ချည်းအမှောင်ကျသွားသည်။

မျက်လုံးထဲမြင်‌အောင် ဖော်ညွှန်းပြရမည်ဆိုပါက ဤခံစားချက်မှာ အချိန််တန်ကြာ တင်းနေအောင်ဆွဲထားခဲ့သော ကြိုးတစ်ချောင်းက နောက်ဆုံးတွင် မခံနိုင်တော့ပဲ ပြတ်ထွက်သွားသည်နှင့်တူသည်။

သေခြင်းတရားကို ရင်ဆိုင်ရသောလူများက အလိုလိုသိလာတတ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပဲ နောက်ဆုံးတွင် အေးစက်တောင့်တင်းလာသော်လည်း အသိစိတ်က အချိန်တိုတစ်ခုစာအထိ ကျန်ရှိနေတတ်သေးသည်။

အသိစိတ်မလွတ်သွားမိ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ ကိစ္စပေါင်းများစွာကို တွေးမိသွားရသည်။

သူ သေတမ်းစာတစ်စောင် ကြိုရေးထားခဲ့သည်က ကံကောင်းသွားသည်ဟု ပထမဆုံးတွေးမိလိုက်သည်။ သူ သေဆုံးသွားခဲ့ပါက သူရရှိ‌ထားသော ငွေအားလုံးကို သူလာခဲ့သော မိဘမဲ့ကလေးဂေဟာကို လှူဒါန်းလိုက်မည်ဖြစ်သည်။

ထို့နောက် ယနေ့ ဝေ့ပေါ်တွင် နာမည်ကြီးသွားမည့်အရာတစ်ခုကို တွေးမိသွားခဲ့သည်။ အကယ်၍ ဒါရိုက်တာက သူ ဇာတ်ညွှန်းလာပေးမည်ကို မစောင့်နိုင်တော့၍ သူကိုယ်တိုင်ဇာတ်ညွှန်းလာယူမည်ဆိုပါက ယနေ့ hot searchတွင် 'ပါရမီရှင် ဇာတ်ညွှန်းရေးဆရာXXက အိမ်တွင် ရုတ်တရက် သေဆုံးသွားခြင်း' ဖြစ်လာလိမ့်မည်။

နောက်ဆုံးတွင် ကုဟွိုက်က သူ့ကိုယ်သူ နှိမ့်ချလိုက်သည်။

ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ခေါ်တာ နည်းနည်း အရှက်မဲ့နေသလိုပဲ... ထားလိုက်ပါတော့ သေတာက သေသွားပြီပဲ...

ကုဟွိုက်၏အသိစိတ်က ဤနေရာတွင် လုံးဝပျောက်ကွယ်သွားသည်။ သူ နိုးမထလာနိုင်တော့ဟု ထင်လိုက်ချိန်တွင် သူ့မျက်လုံးများက ပိတ်ရာမှ ပြန်ပွင့်သွားသည်ကို တွေ့လိုက်ရသည်။

သို့ရာတွင် အသက်ပြန်ရှင်လာသည်ကို ဝမ်းသာနေရမည့်အစား သူ၏အလိုလိုသိစိတ်ကြောင့် ဤအခြေအနေ ပုံမှန်မဟုတ်ကြောင်း သတိပြုမိသွား

သည်။

သူ ကျိန်းသေပေါက် မျက်လုံးပြန်ဖွင့်လိုက်သော်လည်း သူ၏ အမြင်အာရုံက အမှောင်ကျနေဆဲဖြစ်သည်။

ကုဟွိုက်၏ ပထမဆုံး တုံ့ပြန်မှုက သူ မျက်စိမမြင်သူဖြစ်သွားမည်ကို ကြောက်လန့်ခြင်းဖြစ်သည်။ သူ့လက်ဆန့်ထုတ်လိုက်သည့်အခါ တစ်ခုခုကို စမ်းမိသွားသည်။ သို့ဖြစ်၍ သူက လက်ရှိအချိန်တွင် ကျဉ်းမြောင်းလှသောနေရာတစ်ခုထဲ ရပ်နေကြောင်း သဘောပေါက်သွားသည်။

ပထမဆုံး ဒါကဆေးရုံတစ်ခု မဟုတ်နိုင်ဘူး...

အ... အခေါင်းကြီးလား...

စက္ကန့်ဝက်အချိနအတွင်းပေါ်လာသည့် အတွေးကြောင့် ကုဟွိုက် ထိတ်လန့်သွားရသည်။

ဒါက အခေါင်းတော့ မဟုတ်ဘူးထင်တယ်... လူတစ်ယောက်ကို အဝတ်မဝတ်ပဲ အခေါင်းထဲထည့်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး...

သူက လက်ရှိအချိန်တွင် လုံးဝအဝတ်မဲ့နေကာ သူ့အရေပြားကိုလည်း အမည်မသိ စေးကပ်ကပ်အရည်မား ပေနေသည်။

ဤအခြေအနေက ထူးဆန်းလွန်းလှသည်။ ကုဟွိုက်က သတိလက်လွတ်မလှုပ်ရှားရဲပဲ သူ့ခန္ဓာကိုယ်က အကောင်းပကတိဖြစ်နေခြင်း သေချာအောင်စစ်ဆေးပြီးမှ လွတ်လွတ်လပ်လက်လှုပ်ရဲတော့သည်။ ထို့နောက် သူရောက်နေသည့်နေရာကို သတိထားပြီး စစ်ဆေးကြည့်နေသည်။

ဤနေရာက အလွန်ကျဉ်းမြောင်းလှသော်လည်း ပုံစံက ကုဟွိုက် မူလတွေးထားစဉ်ကကဲ့သို့ လေးထောင့်ကျမနေပေ။ ၎င်းက လုံးဝန်းလွန်းနေ၍ အပြင်ဘက်ကကြည့်မည်ဆိုပါက ဥတစ်လုံးနှင့် တူမည်ဟု ထင်ရသည်။

ဇာတ်ညွှန်းရေးဆရာဖြစ်သောကုဟွိုက်က စိတ်ကူးယဉ်မှု ကြွယ်ဝများပြားလွန်းသည်။ အကယ်၍ သူ ယခုလက်ရှိအချိန်တွင် ဥတစ်လုံးထဲ သူရောက်နေခဲ့ပါက အဝတ်အစားများ မဝတ်ထားသည့်အပြင် စေးကပ်ကပ် အရည်များ ဖုံးနေရသည့်အကြောင်းကို ရှင်းပြရန် မလိုတော့ပေ။

တော်တော်လေးကို သေချာနေပါပြီ...

သူ၏ အစီအစဉ်မကျသောအတွေးများကို ဖယ်ထုတ်လိုက်သည်။ ဤနေရာတွင် အသက်ရှုပ်ကြပ်ပြီး ဒုက္ခမရောက်နေစေရန် သူ့ကိုယ်သူ ကယ်တင်ရပေမည်။

သူ ကြီးပြင်းလာသော ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် ကုဟွိုက်က ငယ်ရွယ်စဉ်တည်းက ကိုယ့်အားကိုယ်ကိုးတတ်သည့် အကျင့်စရိုက်ရှိသည်။ ပုံမှန်မဟုတ်သော အခြေအနေကို ရင်ဆိုင်သော်လည်း သူ၏ ပထမဆုံး တုံ့ပြန်မှုက အကူအညီခေါ်ရန် ကြိုးစားခြင်းမဟုတ်ပေ။ သူဤအခြေအနေမှလွတ်မြောက်ရန်နည်းလမ်းကို သူကိုယ်တိုင် တွေးတောနေခဲ့သည်။

ကုဟွိုက်က လှဲလျောင်းနေလျက်ဖြင့် ထိုအရာ၏အပေါ်ပိုင်းကို တစ်ချက်ခေါက်ကြည့်လိုက်သည်။